"ဂျူးစံသာ ကိုယ်စား Miss Globe Myanmar 2014 အဖြစ် လှယဉ်ကျေးကို ရွေးချယ်" | venuscurves
  • BEAUTY IS ONLY SKIN DEEP!!!!

    "ဂျူးစံသာ ကိုယ်စား Miss Globe Myanmar 2014 အဖြစ် လှယဉ်ကျေးကို ရွေးချယ်"




    Miss Globe Myanmar 2014 အဖြစ် ဂျူးစံသာ ကို သရဖူ ရုတ်သိမ်းပြီး ဇူလိုင် ၃၁ရက်တွင် လှယဉ်ကျေးကို Miss Globe Myanmar 2014 အဖြစ် ရွေးချယ် လိုက်သည်ဟု Miss Globe Myanmar Organization မှ National Director မလှနုထွန်းက မဇ္ဈိမကို ပြော သည်။

    "လှယဉ်ကျေးနဲ့က ခင်နေတာ ကြာပြီ။ စကားပြောရင်းနဲ့ Miss Globe Myanmar မှာ လူလွတ်နေတယ် စိတ်ဝင်စားလား မေး ကြည့်တော့ သူကလည်း စိတ်ဝင်စားတယ် ။ အရမ်းလဲ အဆင်ပြေတယ် ။ဒါနဲ့ သူ့ကို စာချုပ်ချုပ်ဖြစ်တာပါ ။သူ့ကို စာချုပ်အကြမ်းပြပြီး လက်ရှိ ဂျာနယ်ထဲမှာ ဖြစ်နေတာ တွေကိုလည်း ဖတ်ပြီးပြီလား မေးတယ်။ သူက ဖတ်ပြီးပါပြီ သူနားလည်ပါတယ် ပြောတယ်။ ၃ဝရာခိုင်နှုန်း ပေးရမယ် ဆိုတာကို လက်ခံ လားဆိုတော့ သူက လက်ခံပါတယ် " ဟု မလှနုထွန်းက ပြောသည်။

    Miss Globe Myanmar 2014 ပြိုင်ပွဲကို မတ်လ၌ ကျင်းပ ပြုလုပ် ခဲ့ပြီး Miss Globe Myanmar 2014 အဖြစ် Miss Globe Myanmar Organization မှ ဂျူးစံသာကို ရွေးချယ် ခဲ့သည်။ ဇူလိုင်လပိုင်း တွင်အလှမယ် ဂျူးစံသာကို Miss Globe Myanmar 2014အဖြစ်မှ ရုတ်သိမ်းသည်ဟု Miss Globe Myanmar Organizationက ကြေညာ ခဲ့ပြီး အလှမယ် ဂျူးစံသာ ဘက်မှလည်း စာနယ်ဇင်း ရှင်းလင်းပွဲ ပြု လုပ်ကာ Miss Globe Myanmar 2014အဖြစ် ရုတ်သိမ်းခြင်း ကိစ္စတွင် ၎င်းဘက်မှ မည်သည့် အမှားတစ်ခုမှ မှားယွင်းခဲ့ ခြင်း မရှိဟု ဆိုခဲ့သည်။

    Miss Globe Myanmar Organization မှ ထပ်မံ ရွေးချယ် လိုက်သည့် Miss Globe Myanmar 2014 လှယဉ်ကျေးသည် အသက် ၂၇နှစ် ရှိပြီ ဖြစ်ပြီး Miss Globe International ပြိုင်ပွဲသည် အသက် ၂၄နှစ်သာ လက်ခံ ခြင်းကြောင့် Miss Globe International Organization ဘက်ကို အကြောင်းကြားခဲ့သည်။ လှယဉ်ကျေးသည်အသက် ၂၇နှစ် ရှိသော်လည်း မြန်မာအမျိုးသမီး တစ်ဦး၏ ခန္ဒာကိုယ်အချိုးအစားကို ထိန်းထားနိုင်ခြင်းကြောင့် Miss Globe International Organizationမှ Miss Globe Myanmar အဖြစ် လက်ခံခဲ့သည်။

    " အသက်က ကိစ္စ မရှိဘူး ပြောတယ်။ ၂၇နှစ် ရှိပြီ ဖြစ်ပေမယ့်လည်း မြန်မာအမျိုးသမီး တစ်ဦးအနေနဲ့ ခန္ဒာကိုယ်ကို ထိန်းထားနိုင် တာကို အရမ်း အံ့သြတယ်။ ဒီ မိန်းကလေးကို ပွဲထုတ်ချင်း အားဖြင့် မြန်မာပြည်ရဲ့ အလှကိုလည်း သိသွားမယ်။ လူငယ်တွေ အားလုံးသည် အသက်က မဆိုင်ဘူး။ အဓိကက ကိုယ့်ကိုကိုယ် ကျန်းမာအောင် အဆီအပို မရှိအောင် နေနိုင်ရမယ်ဆိုတဲ့ စိတ် ဖြစ်လာဖို့ သူတို့ဘက်က မျှော်လင့်တယ်။ ဒါ့ကြောင့် သူတို့ဘက်က လက်ခံ လိုက်တာပါ ။ ဂျူးနဲ့ မေမြတ်နိုးကိုတော့ ဆယ်ကျော်သက် အရွယ်ဆိုတော့ မိဘကို အာခံတာ ရှိတာပဲလေ မိဘကို အာခံပြီး အိမ်ပေါ်က ဆင်းသွားတယ်လို့ပဲ သိထားပါတယ်။ စိတ်မဆိုးပါဘူး အချိန်တန်ရင် သူတို့ ပြန်လာမှာပါ" ဟုလှနုထွန်းက ထပ်မံ ပြောပြသည်။

    Miss Globe Myanmar 2014 အဖြစ် ရွေးချယ် လိုက်သည့် လှယဉ်ကျေးသည် ၂ဝဝ၃ ခုနှစ်က Talent & Model တွင် မော်ဒယ် အလုပ်ကို သုံးနှစ် စာချုပ်ဖြင့် လုပ်ကိုင် ခဲ့သူ ဖြစ်ပြီး လက်ရှိတွင် မုဒြာကောလင်း ဇာတ်ကားကြီးတွင် ပါဝင် သရုပ်ဆောင် လျက် ရှိသည်။ မုဒြာကောလင်း ရုပ်ရှင် ဇာတ်ကား ရိုက်ကူး နေခြင်းကြောင့် ဇာတ်ကား ရိုက်ကူးရင်းဖြင့် Miss Globe International 2014 ပြိုင်ပွဲ အတွက် လေ့ကျင့် သင်ကြား ပေးသွားမည် ဖြစ်သည်။

    အလှမယ် လှယဉ်ကျေးသည် Miss Globe Myanmar Organization ဖြင့် စာချုပ် ၃နှစ် ချုပ်ဆို ပြီး ဖြစ်ပြီး ၎င်းရရှိသည့် အနုပညာကြေးမှ ၃ဝရာခိုင်နှုန်းကို Miss Globe Myanmar Organizationသို့ ပေးရမည် ဖြစ်သည်။ Miss Globe International 2014 ပြိုင်ပွဲကို သြဂုတ်လတွင် ကျင်းပ ပြုလုပ် ဖြစ်ပါက သြဂုတ် ၁၁ရက်၌ အဇာဘိုင်ဂျန် နိုင်ငံ ဘာကူ မြို့တော်တွင် ကိုသွားရောက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

    ယင်းပြိုင်ပွဲသည် သြဂုတ် ၁၁မှ ၂၅ရက်ထိ ပြိုင်ပွဲ ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ပြိုင်ပွဲတွင် နံပါတ် ၁ မှ ၁ဝအထိ ရွေးချယ်ခြင်း ခံရပါက သြဂုတ် ၃ဝ ရက်ထိ ယင်းပြိုင်ပွဲကို အကူအညီပေးသည့် ကုမ္ပဏီများ၏ ကြော်ငြာ ရိုက်ကူးမှုများနှင့် လေ့လာခြင်း များအတွက် နေထိုင် ရမည် ဖြစ်သည်။
    source:mizzimaburmese.com




    0 comments:

    Post a Comment